Archive for July 23rd, 2007

အဘိုးမှိုင်းသို့ လွမ်းဆွတ်ခြင်း (Thakin Kodaw Hmaing)

Posted on July 23, 2007. Filed under: Special Features |

ကျွန်တော်တို့ မြန်မာလူငယ်တွေ “သခင်ကိုယ်တော်မှိုင်း” ဆိုတဲ့နာမည်နှင့် အနည်းနှင့် အများတော့ အကျွမ်းတ၀င် ရှိကြမှာပါ။ ဒါပေမယ့် သူ့ရဲ့ဘ၀နှင့် ကဏ္ဍတွေကိုတော့ ဂရုပြုမိတဲ့လူ တော်တော် နည်းနေပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွပ်လပ်ရေးရဲ့ ဗိသုကာဆိုလျှင် အဘိုးမှိုင်းကို ပဏ္ဏက်ချသူလို့ သတ်မှတ်ရမှာပါ။ ဒါကြောင့်၊ မြန်မာ့သမိုင်းထဲက စာဆိုက၀ိ၊ မျိုးချစ်အဓိပတိ တစ်ဦးကို နိုင်ငံ့ကျေးဇူးရှင် တစ်ယောက်နေဖြင့် လေ့လာနိုင်ရန် “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” ရဲ့ဘ၀ပုံရိပ်လေးကို ထင်ဟပ်ပြလိုက်ရပါတယ်။

ဆရာကြီးမှိုင်းရဲ့ ဘ၀ရေးရာနှင့် ပတ်သက်၍ တင်ပြမှုများ လွဲမှားနေပါက ပြင်ဆင်၊ သုံးသပ်၊ ဝေဖန်ပေးကြပါ။

ဘဇံလင်း

~~~~~~~~~~~~~~~~~~~~~~~~

သခင်ကိုယ်တော်မှိုင်း (သို့) ငြိမ်းချမ်းရေးကလောင်

ကောင်းမျိုးထွေထွေ ရယ်နှင့်၊ ချွန်စေ မြစေ စောဝ်…

ဒေါင်းအိုးဝေ ရယ်လို့၊ တွန်စေ ကစေ သောဝ်…

ဆရာကြီးမှိုင်းကို အဖဦးစံဒွန်း နှင့် အမိဒေါ်အုန်း တို့မှ ၁၈၇၆၊ မတ်လ (၂၃) ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ မြန်မာ(ကောဇာ)သက္ကရာဇ် အားဖြင့် ၁၂၃၇၊ တပေါင်းလပြည့်ကျော် (၁၄) ရက်၊ ကြာသပတေးနေ့ပါ။ ငယ်ငယ်က မောင်လွမ်းမောင် ရယ်လို့ ခေါ်ဆိုကြပြီး၊ ကျီးသဲလေးထပ် ဆရာတော်ကြီးရဲ့ တပည့်ရင်းလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းရဲ့ အဘိုးမဖြတ်နိုင်တဲ့ ပညာမွေတွေကိုတော့ နာမည်ကျော် မန္တလေးမြို့မြတောင်ကျောင်းတိုက်မှာ ဆည်းပူးခဲ့တာပါ။ အရွယ်က ၇နှစ်၊ ဘွဲ့တော်က ပဏ္ဍိတ။ ဘွဲ့တော်နှင့်လိုက်အောင်လည်း နောင်တချိန် “ပဏ္ဍိတ” ဖြစ်လာခဲ့သူပါ။

ဘ၀ရဲ့အချိုးအဆစ် တခုအဖြစ် ၁၈၈၅ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မှာ သီပေါဘုရင်နှင့် အလယ်စုဖုရား ပါတော်မူတာကို စာတော်ဝန်ဦးခဲ ကျောင်းပေါ်မှ တွေ့ခဲ့ရတယ်လို့ အဆိုလေးလည်းရှိပါတယ်။ အစိုးရက စစ်တဲ့ ၇တန်းစာမေးပွဲကိုအသက် ၂၂ နှစ်မှာအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ မြန်မာတိုင်း သတင်းစာမှာ ပဏ္ဍိတလေး ဆိုတဲ့ကလောင်အမည်နှင့် စာပေဘ၀ စတင်ခဲ့ပါတယ်။ ရန်ကုန်ကို ရောက်ပြီး စာပြင်ဆရာလေးအဖြစ် ဘ၀ဖြတ်သန်းတော့အသက် ၂၄နှစ် ရှိပါပြီ။ ၁၉၀၃ခုနှစ်မှာ ပွဲစားကြီး ဦးနုရဲ့သမီး မရှင်နှင့်အကြောင်းပါပြီး အိမ်ထောင်စတင် တည်ထောင်ခဲ့ပါတယ်။ နောက်တော့ ရန်ကုန်သတင်းစာမှာ ဇာတ်စာတွေရေးရာက နာမည်ရလာကာ မော်လမြိုင် မြန်မာတိုင်း သတင်းစာမှာ အယ်ဒီတာ ဖြစ်လာပါပြီး မောင်သမာဓိ ဆိုတဲ့ ကလောင်သစ်နှင့် လက်စွမ်းပြခဲ့ပါတယ်။

၁၉၀၅ခုနှစ်မှာ မောင်လွမ်းမောင် ရဲ့စာပေစာမျက်နှာသစ် ပွင့်လာခဲ့ပါတယ်။ အဲဒါကတော့ မော်လမြိုင်ရာဇ၀င် ကို ရွှေတောင်မောင်လွမ်း အနေနှင့်ထုတ်ဝေနိုင်ခဲ့လို့ပါ။ ကဗျာသာရမဉ္ဇူ နှင့် ပရမတ္တသံခိပ်အဖြေ(ဒုတွဲ) ဆိုသည့် ကျမ်းကြီးနှစ်ဆောင် ကို ပြုစုရေးသားခဲ့တာလည်း ဒီကလောင်နှင့် ပါပဲ။ ထူးဆန်းတာကတော့ မော်လမြိုင်နတ်လမ်းညွှန် ကို မစောညွှန့် ဆိုတဲ့ ကလောင်အမည်နှင့် ရေးသား ဖြစ်ခဲ့တာပါ။ အဲ့ဒီနောက် ကဗျာသာရတ္တသဂြိုလ်၊ မြန်မာရာဇ၀င်ချုပ်၊ ရွှေနတ်တောင်ဘုရားသမိုင်း စတဲ့ စာအုပ်တွေကို ရွှေတောင်ဆရာလွန်း ဆိုတဲ့အမည် နှင့် ဆက်လက်ရေးသားခဲ့ပြီး သူရိယသတင်းစာ စထွက်တော့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြန်ပါတယ်။ သူရိယသတင်းစာရဲ့ နာမည်ကျော် ကြာဋ္ဋီကာ ဆောင်ပါးတွေကိုရေသားခဲ့တဲ့ မစ္စတာမောင်မှိုင်းဆိုတာလည်း ရွှေတောင်ဆရာလွန်းပါပဲ။ လက်မှုပညာဋ္ဋီကာနှင့် နိုင်ငံခြားသာသနာပြု လေးချိုးကိုရေးသားတော့လည်း မစ္စတာမောင်မှိုင်း ဆိုတဲ့အမည် ကို ဆက်လက်အသုံးပြု ခဲ့ပါတယ်။ ဗိုလ်ဋ္ဋီကာ ဆောင်းပါးတွေကို ရေးပြီး၊ ဆောင်းပါး ပေါင်းချုပ်ကြီး ထုတ်ဝေနေစဉ်မှာ ချစ်ဇနီး ဒေါ်ရှင် အနိစ္စရောက်ခဲ့ပါတယ်။

၁၉၁၆ခုနှစ်မှာ နောင်တချိန် လျှမ်းလျှမ်းတောက် ကျော်ကြားလာမည့် မှာတော်ပုံ ၀ထ္ထုကြီးကို စတင်ရေးသားခဲ့ပြီး၊ မဏိဟတ် နန်းတွင်းဇာတ်တော်ကြီးကို တည်းဖြတ်ထုတ်ဝေ ခဲ့ပါတယ်။ အီနောင် နန်းတွင်းဇာတ်တော်ကြီးကေလာသီရိ နန်းတွင်းဇာတ်တော်ကြီး နှင့် ဓမ္မစေတီမင်း ၀ထ္ထုတို့ကိုတော့ ဆရာလွန်း အနေနှင့် ပြန်လည်ရေးသားပါတယ်။ ၁၉၁၉ခုနှစ်မှာ ပဲခူးရာဇ၀င် နှင့် မှာတော်ပုံ(ဒုတွဲ) တို့ကို ရေးသားနေစဉ် ဦးဘဖေ၊ ဦးပု နှင့် ဦးထွန်းရှိန်တို့ ဘိလပ်သွား အရေးဆိုတော့ သြဒိဿပတ္တနာ လေးချိုးကြီး ဖြင့်ကောင်းချီးပေးခဲ့ပြန်ပါတယ်။ ၁၉၂၀မှာ ဒေါင်းဋ္ဋီကာ ရေးဖွဲ့ခဲ့ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် ဦးထွန်းရှိန် ကွယ်လွန်တော့ ဒေါင်းအမေ ဆွေတမိမှာဖြင့် လေးချိုးနှင့် ဂုဏ်ပြုခဲ့ပါတယ်။ အဲ့ဒီနှစ် မှာပဲ မှာတော်ပုံ(တတွဲ) ကိုရေးသားပြီး၊ တက္ကသိုလ်များ သပိတ်ကာလမှာ အမျိုးသားကောလိပ် အတွက် မြန်မာစာနှင့် ရာဇ၀င် ပါမောက္ခ အဖြစ်တာဝန်ယူခဲ့သောကြောင့် နောင်တက္ကသိုလ်သမိုင်းတလျှောက် စံတင် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်ပါတယ်။

ဗြိတိသျှအင်ပါယာရဲ့နန်းမွေခံ ဝေလမင်းသား မြန်မာနိုင်ငံကို တိုင်းခန်းလှည့်လည်စဉ်က၊ အထူးဧည့်ခံ ရန် ဂုဏ်ပြုရတု စပ်ဖို့ ဦးမေအောင်မှ ပန်ကြားသောအခါ၊ “တို့နိုင်ငံကို ကျွန်ပြုတဲ့ ဘုရင်မမြေးကို ချီးမကျူး” ဟု ကြီးစွာသောမျိုးချစ်စိတ်ဖြင့် ငြင်းပယ်ခဲ့ပါတယ်။

စုံနံသာမြိုင် နှင့် မျောက်ဋ္ဋီကာကိုတော့ ၁၉၂၂ခု မှာရေးဖွဲ့ခဲ့ပြီး၊ ကျော်ကြားတဲ့ မှန်နန်းရာဇ၀င်တော်သစ် ကို လည်းတည်းဖြတ် ထုတ်ဝေခဲ့ပါတယ်။ မျောက်ဂဏ္ဌိ၊ မစ္စတာမောင်မှိုင်း ဆောင်းပါးပေါင်းချုပ် (ပတွဲ)ရွှေကလေးဘွဲ့မြင်းဋ္ဋီကာဆွာရက်ဋ္ဋီကာခွေးဋ္ဋီကာရာဇ၀င်နီတိ၊ တဆူဋ္ဋီကာဆယ်ကဋ္ဋေကျော်ဋ္ဋီကာ၊ အစရှိတဲ့ နာမည်ကျော်စာပေများကို ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ ဘ၀ဖြင့် ဆက်တိုက် ရေးသားခဲ့ပြီး၊ အရမ်းကာရ၀ိသောဓနိဆောင်းပါးဘိုင်းကောက်ဋ္ဋီကာတရုပ်ဒီပနီစံဖဲ နှင့် ပုံတောင်နိုင်ဆောင်းပါး တို့ကို ဗြိတိသျှဘားမားမဂ္ဂဇင်း အုပ်ချုပ်ရေးမှုး အဖြစ်တာဝန်ထမ်းဆောင်ရင်း ရေးသားခဲ့ကာ ကိုလိုနီခေတ် အမျိုးသားစာပေကို ဦးဆောင်လာပါတော့တယ်။

၁၉၂၈ခု နှင့် ၁၉၂၉ခု များမှာ ဗြိတိသျှအစိုးရက တောပုန်းကြီးဗိုလ်စံဖဲကို ကြိုးမိန့်ချသောအခါ ဆရာကြီးမှိုင်း မှ ကမကထပြု၍ အယူခံဝင်ပေးခဲ့ပါတယ်။ တိုင်းတပါးသားများက မြန်မာများကို စီမံပိုင်ခွင့်မရှိ ဟုယူစပုံလည်း ရပါတယ်။ ၁၉၃၀ခုနှစ်မှာ သာယာဝတီ ဂဠုန်ဆရာစံ ဗိသိတ်ခံ တော့ ဂဠုန်ပျံဒီပနီဋ္ဋီကာ ဆောင်းပါးများနှင့် ဂုဏ်ပြုခဲ့ပါတယ်။ ဒေါင်းဂဏ္ဌိ၊ ညီညွတ်ရေးရာဇ၀င်၊ ရာဇ၀င်နီတိ အစရှိတဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး စာပေများ ဆက်တိုက်ရေးသားခဲ့ပြီး၊ ၁၉၃၄ခုနှစ် နိုဝင်ဘာ ၃၀ရက် မှာ ကျင်းပတဲ့ တက္ကသိုလ်အမျိုးသားနေ့ အခမ်းအနားရဲ့ သဘာပတိအဖြစ် တာဝန်ယူခဲ့ကာ မျိုးဆက်သစ်လူငယ်များကို ဦးဆောင်မှု ပြုခဲ့ပြန်ပါတယ်။

တကယ်တော့ ၁၉၃၄ခုနှစ်ဟာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ရေးကဏ္ဍသစ်ကို စတင်ပေးခဲ့တဲ့နှစ်ပါ။ ရေနံချောင်းမြို့မှာကျင်းပခဲ့တဲ့ ပထမအကြိမ် သခင်များညီလာခံမှာ ကြည်ညိုလေးစားသူများ၏ တင်မြှောက်မှုကြောင့် နာယကကြီးဖြစ်လာကာ လွတ်လပ်ရေးကျိုးပမ်းမှု ရဲ့ ဦးဆောင်မှုများမှာ ပါဝင် လာခဲ့ပါတော့တယ်။ အဲဒီနောက်၊ စွယ်တော်စစ်တမ်းအမျိုးနှင့်စာပေမြန်မာလူမျိုး၊ အစရှိတဲ့ စာတမ်းကြီးများရေးဖွဲ့၍ ကလောင်စွမ်းဖြင့် တိုက်ပွဲဝင်ခဲ့ပါတယ်။

၁၉၃၆ခု၊ ဇွန်လ၊ မြင်းခြံမြို့ မှာကျင်းပတဲ့ တို့ဗမာအစည်းအရုံး ရဲ့ ဒုတိယအကြိမ်ညီလာခံကို တက်ရောက်ခဲ့ပြီး ဗြိတိသျှတို့ရဲ့(၉၁)ဋ္ဌာနအုပ်ချုပ်ရေးကို ခွေးဂဏ္ဌိ နှင့်သရော်ခဲ့ပါတယ်။ ၁၉၃၇-၃၈ ကာလများမှာတော့ သုတေသနဒီပနီ၊ ခေတ်ကာလပြုပြင်ပြောင်းလဲရေးဝသုန်ဤမြေစွယ်တော်ဂဏ္ဌိ၊ သခင်ဋ္ဋီကာ တို့ကိုရေးဖွဲ့ခဲ့ပါတယ်။ ၁၉၃၈ခု၊ ဧပြီလ ၂၂ရက်နေ့မှာတော့၊ “လွတ်လပ်ရေးကို လက်ဝါးနှင့် တောင်းယူ၍မရ၊ သူပုန်ထရမည်။” လို့ ပုသိမ်မြို့တရားပွဲမှာ လျှမ်းလျှမ်းတောက်တောက် ဟောပြောခဲ့ပြန်ပါတယ်။

၁၉၃၉ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက် ရန်ကုန်မြို့လူထုအစည်းအဝေးကြီးမှာ အရင်းရှင်စနစ်ကိုရှုတ်ချခဲ့ပြီး၊ ဇွန်လ ပုသိမ်မြို့မှ “တို့ငတ်နေတာ ဗြိတိသျှတွေကြောင့်” လို့ ဟောပြောပြန်တဲ့အတွက် ချောင်းရိုက်တာ ခံခဲ့ရတဲ့အပြင် နှစ်လတရားဟောခွင့်လည်း ပိတ်ခံရပါတယ်။ အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ကြည့်မြင်တိုင် လူထုအစည်းအဝေးကြီးမှာ ဆိုရှယ်လစ်ဝါဒကို ဗုဒ္ဓတရားတော်နှင့် ချိန်ထိုးပြသခဲ့လို့ နောင်အနာဂါတ် မြန်မာ့နိုင်ငံရေးလောကမှာ ကွန်မြူနစ်ကြီး ဆိုပြီး လူတချို့ရဲ့ အထင်ခံခဲ့ရပါတယ်။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီး ကို အောက်တိုဘာလမှာ ဖွဲ့စည်းတော့လည်း ဆရာကြီးရဲ့ ဦးဆောင်မှု တွေနှင့်ပါ။

၁၉၄၀၊ ဇန်န၀ါရီလဆန်းမှာကျင်းပသည့် တောင်သူလယ်သမား အစည်အရုံး နှစ်လည်ညီလာခံမှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံပြုပြင်ရန် အတည့်အလင်းတိုက်တွန်းခဲ့ လို့ ဗြိတိသျှအစိုးရက ရန်သူတော်အဖြစ်သတ်မှတ်ခဲ့ပါတော့တယ်။ အဲဒီနှစ်မှာသားတပည့်တွေဖြစ်တဲ့ သခင်အောင်ဆန်းတို့ မြေအောက်တော်လှန်ရေးစတင်တော့ ဆရာကြီးလည်းမြေလျှိုးခဲ့ရတာ ၁၉၄၂ခု လောက်အထိပါ။

ဂျပန်ခေတ် ဖက်ဆစ်စနစ်ရဲ့ အနိထ္ထရုံတွေကို ကြုံရတော့ မိမိရဲ့ သားတပည့် ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်းရယ်၊ နင်တို့ပင့်လာတဲ့ ဘုရားများကလဲ သောင်းကျန်းလိုက်တာကွယ်” လို့ ကရုဏာဒေါသော နှင့် သတိပေးခဲ့ ဖူးပါတယ်။ ဂျပန်တွေ ဆရာကြီး လက်ဝဲယိမ်း မှန်းရိပ်မိလာတဲ့အခါ မြေထပ်လျှိုးခဲ့ရပြန်ပါတယ်။ ၁၉၄၅ခုမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ဆရာကြီး တို့ဗမာအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ပြန်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၇ခု၊ ဇူလိုင်လ မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် လုပ်ဖေါ်ကိုင်ဖက်တွေ ကျဆုံးတော့ အာဇာနည်ဗိမာန်ဋ္ဋီကာ နှင့် ငိုချင်းချခဲ့ ပါ တယ်။ လွပ်လပ်ရေးခေတ်၊ ၁၉၅၀ခု၊ ဇန်န၀ါရီလ မှာတော့ ဆရာကြီးကို နိုင်ငံတော်က အင်္လကာကျော်စွာ ဘွဲ့ဖြင့် ကျေးဇူးဆပ်ခဲ့ပါတယ်။

၁၉၅၂ခု မှ ၁၉၅၇ခု များအတွင်းမှာ မြန်မာ-နိုင်ငံတကာ ငြိမ်းချမ်ရေးအတွက် ခရီးများစတင်ခဲ့ပါတယ်။ ထိုစဉ်က ကျော်ကြား ခဲ့သည့် ခရူးရှော့ (Nikita Khrushchov)၊ မော်စီတုန် (Mao Tse-tung)၊ ဟိုချီမင်း (Ho Chi Minh) တို့ကပါ အရေးတယူ ဂါရ၀ ပြုခဲ့ကြပါတယ်။ ၁၉၅၅ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုမှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၀ခုနှစ်၊ အရှေ့ဂျာမနီနိုင်ငံ၌ ဆေးကုသရန်သွားစဉ်က Hamburg University မှလည်း ဂုဏ်ထူးဆောင် ပညာရေးပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်ရေး၊ ကမ္ဘာငြိမ်းချမ်ရေး တို့ကို ကျိုးပမ်းရင်း ၁၉၆၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သူချစ်သည့် မြန်မာပြည်ကို မျက်ကွယ်ပြုသွားခဲ့ပါတယ်။ ဆရာကြီးရုပ်ကလပ်ကို ကန်တော်မင်ပန်းခြံ ဂူဗိမာန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြပါတယ်။ ဘ၀တလျှောက်လုံး အမျိုးသားရေး အတွက်နှစ်မြုပ်ခဲ့ပြီး၊ တိုင်းပြည်လွတ်လပ်သည့်အခါမှာလည်း မည်သည့်ရာထူးမျှ မခံစားပဲ အိမ်အိုလေးထဲမှာပဲ ခေါင်းချသွားခဲ့သည့်၊ ပြည်သူတို့ချစ်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အနိစ္စရောက်သွားခဲ့သော်လည်း ဆရာကြီးရဲ့ တော်လှန်ရေးနှင့် စာပေ၀ိဉာဉ် ကတော့ မြန်မာတို့ရင်ထဲမှာ ထာဝစဉ်ရှင်သန်နေစဲဖြစ်ကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါတယ်။

အဘိုးမှိုင်း ကောင်းရာသုဂတိလားပါစေ။

Advertisements
Read Full Post | Make a Comment ( 5 so far )

Liked it here?
Why not try sites on the blogroll...