နဂါးနီသတင်းဘွဲ့ ထောမနာ သြဘာလေးချိုးကြီး (Nagani Book Club Tribute)
ဒီ လေးချိုကြီး ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း စကိုင်းတောရမှာ ရှိစဉ်က ရေးဖွဲ့ထားတာပါ။ EverGreen က ဆရာကြီးမှိုင်းရဲ့ စာလေးတွေဖတ်ချင်တယ် ပြောလာလို့ Post လုပ်ဖြစ်သွားတာပါ။
ဒီ “နဂါးနီသတင်းဘွဲ့ ထောမနာ သြဘာလေးချိုးကြီး” ကို နဂါးနီစာဖတ်အသင်း (Nagani Book Club) တည်ထောင်ခြင်း အထိမ်းအမှတ် အနေနှင့် စပ်ဆို သြဘာပေးခဲ့တာပါ။
နဂါးနီစာဖတ်အသင်း ကို ၁၉၃၉ခုနှစ်မှာ သခင်နု ဦးဆောင်ပြီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီ အသင်းကြီးက ခေတ်ကာလနှင့် ရင်ဘောင်တန်းနေသည့် ခေတ်စာပေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး နှင့် သိပ္ပံပညာ၊ အစရှိသည့် ပညာပေး စာပေတို့ကို ဗမာစကားနှင့် ပုံနှိပ် ထုတ်ဝေပြီး မြန်မာပြည်သူတို့ကို မျက်စိဖွင့်ပေးခဲ့တယ်လို့ သမိုင်းကြောင်းက သက်သေပြနေပါတယ်။
ကိုလိုနီခေတ်ရဲ့ အမျိုးသားရေးစိတ်ဓါတ်ကို ဤလေးချိုးကြီးမှ လေ့လာကြည့်ကြပါစို့။
ဘဇံလင်း
~~~~~~~~~~~~~~~~~~~~~~~~
နဂါးနီသတင်းဘွဲ့ ထောမနာ
သြဘာလေးချိုးကြီး
အများအပြည်ပြည်၊ ပွက်ခါစတွင်ဖြင့်။
“နဂါးအနီ” ထွက်လာပြတာက။
ဓမ္မစကြာ သမတတွေနှင့်။
တက်စရာ မြန်မာ့ချိန်နှင့် ကျော်။
(အိုကွယ်) အထက်အခါ သမယဆီက။
သက်သက်သာသာနဲ့၊ မက်ခါပြပေတဲ့ – ဆရာ့အိမ္မက်တော်။ ။
(သြော်) အထူးအဘိပါကပေပ။
“ဦးဝိစာရ” ရယ်လို့။
မနုးနပ်သည့် ဒါယကါ – ဒါယကမတွေ – သေသေချာချာသိစေဘို့။
ဒေသစာလှည့်ကါ – ဘယ်သို့ ဘယ်ညာဟောတယ်လို့။
(LAW) လောသုံးဆယ် ဥပဒေမျိုးတွေနှင့်။
ပြောအုံးမယ် ထုချေလို့မှမကိုးသာဘု။
ဘုရာ့သာသနာကို – ကုလာ့အာဏါမိုးချိန်မို့။
အမျိုးဘာသာ – ကိုးရာတပါးကိုဖြင့်။…
(သြော်) အမှောင်မပြင်း၊ အချောင်ညှင်းရော့မဟဲ့လို့။…
နှောင်သွင်းအမြန် – ထောင် အကျဉ်းဒဏ်ထားရာက။
ဘုရားပေးသည့်သင်္ကန်းဆို ယင်းဒံဝတ်တော်ကို။
မဆင်မြန်းနဲ့ – အတင်းချွတ်နော်လို့ ခိုင်းတဲ့အပြင်။
ဂိုဏ်းဂဏအ၀င်အပါ – အသျှင်သင်္ဃာတို့ရဲ့။
အစဉ်အလာ – ဥပုသ်ပ၀ါရဏမှ မပြုရတာကြောင့်။
သုဂတ သာသနာဆီမှာ – ခုဘ၀ကြာရှည်တယ်လိုမကောင်းပြီလို့။
အလောင်းတော် ခန္တီဝါတို့နှင့် တညီ – အဓိဋ္ဌာန်သုံးသလိုပ။
လုံးလုံးပင်အစာရှောင်လို့မို့။
အာကါဘောင် ၀တိန်ကြငှန်းတွင်ဖြင့်။
တိမ်ပန်း – အလျှံအမှန်တံခွန်နှင့်။
စံမလွန်ပြောစရ တကြောင်းပေပ။
နန္ဒ၀န်တောရကျောင်းဆီသို့။
ပြောင်းရွှေ့ စံပျော်တော်မူတယ်နော်ကွယ်။
၎င်းရသေ့။
ဟောင်းတယ်လို့လဲ မမေ့နိုင်ဘု၊ အောက်မေ့ပြန်သော်။ ။
ဆရာတော် – နတ်နန်းအမြင့် ၀တိန်အထက်တွင်ဖြင့်။
ဒကါမနော် ခတ်နွမ်းနွမ်းနှင့် တကြိမ်စက်လိုက်တော့။
အိမ္မက်က တကြောင်းပေါ်။
အလောင်းတော်မှာဖြင့် ဒေါင်းလံတံခွန်မကင်း။
(အိုကွယ်) ဟောင်းတဖန် ပေါ်ပြန်လို့။
သောင်း မြန်မော်စေဘို့ ကေါင်းဟန်အလွန်အမင်း။ ။
နို့ပြီးတခါ သို့နည်းတဖြာပ။
ဗမာဆန်ဆန် အဟုတ်အဟတ်ရှင်းပေတဲ့။
သာလယံ အုတ်ဇရပ်အဖြစ်၊ ရုပ်ဆင်း မသတီယောင်နှင့်။
ခွေအားရှာ – အသံစွာမြည်။
ထွေပြားစွာ မာန်ဖီလို့မို့။
ခေါင်းရယ် မထောင်ရာကဘဲ – ညောင်းရော့သလား။…
ရုတ်ချည်း ရုပ်သွင်ပြောင်းသလိုပ။
ကောင်းခြင်းငါးဖြာ ကလျာကြန်နှင့်၊ ပမာဟန် အမူချောပုံပြရမှာဖြင့်။
အညာပုဂံသူ – စောလုံဒကမတို့လို။
လှလှပပ – မကြီးမငယ်၊ အရွယ်အလတ် ကယ်လို့။
တပ်အပ်မြင် အိမ္မက်ကိုလ။
မနက်ထတွင် တကယ်မှဟောပမလားလို့။
“အလယ်တောရ” ကပြာကရာရောက်တဲ့ပြင်။
ပါမောက္ခ တက္ကသိုလ်ဆရာစုံသနဲ့။
ဇကာရမှာ အဖြေပေး၊ ရတနာပုံ အညာအပြေပြေကမေးရတဲ့။
“ရွှေရေးဆောင်” သာသနာတံခွန် က ဖြင့်။
လွှာသ၀ဏ် – ဗျာညွှတ်ဘို့လျှောက်ပြန်တော့။
နောက်နောင် မကြာမီပ။
ဗမာပြည် – သာမည်ခေတ် ပေမို့။…
သိသိသာသာ – အမိမြန်မာဖြစ်တော့မယ်လို့။
သနစ်ဟိတ် ဂုဏ်အလိုကို ဒိဋ္ဌံအကုန် သဘောတွေနှင့်။
ဟောခဲ့တာ အခါညီရော့မထင်။
ကမ္ဘာပထ၀ီ အကုန်ကြို့ရပေမည့်။
ရာဇဋ္ဌာနီ ဒဂုန်မြို့ဆီက ကြုံဖို့ ကြံရည်ဖန်ရည်နှင့်။
“နဂနီ” အိုဘဲ့ အသင်းဆီက။
“နဂနီ” ဆိုတဲ့ သတင်းကိုဖြင့်။
ထိုထိုတပဲ့ အရင်းတွေဖြန့်ဝေချီတော့။
မြန့်ပြည်ကြီးအတွက်တာ မနေသာသဖြင့်။
စေတနာ တောင်အထုတွင်မှ။
အဝေရာ ရှောင်သမှုပေပ။
(အမယ်မင်း) ထောင်အမှုနဲ့ – မကြာကြာဆင်းရရှာမည့်။
“မောင်နု” နဲ့ – အရာမကင်းနိုင်သမို့။…
(သြော်) အောင်ဇေယျတု – အောင်ဇေယျတု ဆိုတဲ့။… …
အောင်ဆုဘွဲ့ ပထ္ထနာသီချင်း။ ။
သခင်ကိုယ်တော်မှိုင်း။
စကိုင်းတောရ။
အခုလို ဆရာကြီးရဲ့ ကဗျာလေးချိုးများကို
မျှဝေပေးသည့်  အတွက်
ကျေးဇူးတင်ပါသည် ။
ဆရာကြီး၏ ကဗျာများကို
တတ်နိုင်ပါက ဆက်လက်၍ ဖော်ပြပေးပါရန်
လေးစားစွာ တိုက်တွန်းအပ်ပါသည်။
အထူးသဖြင့် “ ပရဗိုဒ်မ မေရီ” ကို ဦးစားပေး တင်ပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည် ။
Dr.know
January 20, 2013